wrapper

Welcome to SME Development Agency

နေလှန်းဆားထုတ်လုပ်ခြင်း

နိဒါန်း
၁။    PUM Netherlands Senior Experts အဖွဲ့အစည်းမှ ဆားလုပ်ငန်းနည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr.Jan Roes သည် ဧရာဝတီတိုင်းဒေသကြီးသို့ (၂၄-၈-၂၀၁၅) ရက်နေ့မှ (၇-၉-၂၀၁၅) ရက်နေ့အတွင်း လာရောက်ခဲ့ပြီး ဆားထုတ်လုပ်ရေးလုပ်ငန်းများအား လေ့လာဆန်းစစ် ခြင်း၊ ဆားလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးအကြံပြုခြင်း၊ ရခိုင်၊ မွန်၊ ရန်ကုန်မှ ဆားလုပ်ငန်း ရှင်များနှင့် ဆွေးနွေးပွဲပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

နေလှန်းဆားထုတ်လုပ်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်(Solar Evarporation of Salt Processing)
၂။        ဆားတောင်သူများမှနေလှန်းဆားထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို အောက်ပါ အတိုင်း ရှင်းလင်းပြသခဲ့ပါသည်-
နေလှန်းဆားလုပ်ငန်း
    ၃။    မြန်မာနိုင်ငံတွင် နေလှန်းဆားထုတ်လုပ်ခြင်းကို ဧရာဝတီ၊ မွန်၊ ရခိုင်ဒေသကြီး (၃) ခုတို့ တွင် ထုတ်လုပ်ကြပါသည်။ ပင်လယ်နှင့်နီးသော ကမ်းရိုးတန်းဒေသများတွင် အဓိကအားထား ထုတ်လုပ်ကြသော ကုန်ထုတ်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာ တစ်နိုင်ငံလုံး ဆားထုတ်လုပ်မှု၏ ၆၀% ကို ပိုင်ဆိုင်ပါသည်။
    ၄။    "ဆား" ဟူသည့် ထုတ်ကုန်ပစ္စည်းကို "ပင်လယ်ရေ" ဟူသည့် ရေသယံဇာတကုန်ကြမ်းမှ ထုတ်လုပ်ရရှိပါသည်။ ဆားထုတ်လုပ်ခြင်းလုပ်ငန်းသည် ပင်လယ်ရေတွင် ပါဝင်သော ဓာတ်သတ္တု များထဲမှ NaCl (ဆား) ကို နေရောင်ခြည်စွမ်းအင် အသုံးပြု၍ မြေကြီးတွင် အဆင့် (၅)ဆင့် ခန့် အဆင့်ဆင့်ဓာတ်ပြုအနည်ကျစေပြီး၊ နောက်ဆုံးအဆင့်တွင် NaCl (ဆား) ကို ထုတ်လုပ်ရယူရသော ဓာတုဗေဒထုတ်ကုန် လုပ်ငန်းတစ်မျိုး ဖြစ်ပါသည်။
    ၅။    ထိုသို့ထုတ်လုပ်ရာတွင် "မြေကြီးပြုပြင်ခြင်း" နှင့် NaCl မပြည့်ဝပျော်ရည်ဖြစ်သော ပင်လယ်ရေကို NaCl ပြည့်ဝပျော်ရည်ဖြစ်အောင် "ရေပြုပြင်ခြင်း" လုပ်ငန်းများကို စက်အင်အား၊ စက်ယန္တရားအင်အားများ၊ လူစွမ်းအားအရင်းအမြစ်များကို အသုံးပြု၍ ထုတ်လုပ်ရပါသည်။ ထုတ်လုပ်ထွက်ရှိလာသော ဆားများကို သန့်စင်ပြီးဆားများဖြစ်အောင် စက်အား၊ လူစွမ်းအားများကို အသုံးပြု၍ သန့်စင်ပြီး သိုလှောင်ရုံများအတွင်း ထည့်သွင်းသိုလှောင်ပြီးမှ ရောင်းချရပါသည်။
    


ဆားထုတ်လုပ်မှုလုပ်ငန်းစဉ်များ
မြေသားပြုပြင်ခြင်းလုပ်ငန်းများ    
    ၆။    လုပ်ငန်းစတင်ချိန်သည် မိုးပြတ်ကာလ Oct-Nov လများတွင် စတင်ပါသည်။ ရှေးဦးစွာ မြေသားကို အခြောက်ခံပြီး ဇယ်တာထွန်စက်ကြီးများနှင့် တမန်းကောင်းစေရန် ထွန်ယက်ရပါသည်။ လက်တွန်းထွန်စက်များ သုံးမည်ဆိုပါက ပင်လယ်ရေကို တင်လှောင်၍ အစိုထွန်ယက်ရပါသည်။ ဆားထုတ်ဧကအားလုံး ထွန်ယက်ခြင်းဖြစ်ပါသည်။ ဆားလယ်ယာမြေ၏ မျက်နှာပြင် အနိမ့်အမြင့် များကို လိုအပ်သလို မြေသားရွေ့ပြောင်းခြင်း၊ မျက်နှာပြင်ညှိခြင်းများကို ဆောင်ရွက်ရပါသည်။ ထုတ်လုပ်ဧကအားလုံး ထွန်ယက်မြေသားခွဲပြီးပါက ပင်လယ်ရေကို ဆားလယ်ယာမြေပေါ်တင်၍ မျက်နှာပြင်မြေသားညီစေရန် တမန်းဖျော်သည်နှင့် တဘီးထွန်စက်၊ လက်တွန်းထွန်စက်၊ ကျွဲ၊ နွား တို့ကို အသုံးပြု၍ တမန်းညှိရပါသည်။
၇။    ဆားလယ်ကွက်များ လိုအပ်သော မျက်နှာပြင်ညီညာမှုရပြီးပါက အခြောက်ခံပါသည်။ လယ်ခွက်သားခြောက်သည်ဆိုပါက အလေးချိန် အပေါ့၊ အလတ်၊ အကြီး (၃) စားခွဲ၍ သစ်သား ဒလိမ့်တုံး၊ သံစည်ဘီးတပ် လက်ကိုင်းထွန်စက်များနှင့် အထပ်ထပ်အကြိမ်ကြိမ် မြေသားသိပ်သည်း မှုကောင်းရန် လယ်ခွက်များအနှံ့ မောင်းနှင်လုပ်ဆောင်ရပါသည်။ ထိုသို့လုပ်ဆောင်ခြင်းကို စီထိုး ခြင်းဟု လုပ်ငန်းအခေါ်အဝေါ်အရ ဆိုကြပါသည်။
    ၈။    အဆိုပါ စီထိုးခြင်းလုပ်ငန်းကို မြေကြီးခြောက်သွားပါက ထပ်မံ၍ ဆားငံရေသွင်းခြင်း ပြုလုပ်ပြီး၊ ခြောက်ကာစတွင် ထပ်မံစီထိုးရပါသည်။ ထိုကဲ့သို့ မြေကြီးကို ဆားငံရေကြွေးခြင်း၊ စီထိုး ခြင်းကို လိုအပ်သော မြေကြီးသိပ်သည်းမှုနှင့် မြေကြီးတွင် ဆားဓာတ်ဝင်စေခြင်းရရှိသည်အထိ (၃) ကြိမ် မှ (၄) ကြိမ်ခန့် လုပ်ဆောင်ရပါသည်။
    ၉။    ပင်လယ်ရေတင်လှန်းရန် သတ်မှတ်ထားသော မြေကြီးသိပ်သည်းမှု ရရှိပြီဆိုပါက မြေသားပြုပြင်ခြင်းလုပ်ငန်း ပြီးဆုံးပါသည်။
ထုတ်လုပ်မှုပုံစံ အဆင့် (၅) ဆင့်
    ၁၀။    ဆားထုတ်လုပ်မှုသည် မြေကြီးကို စက်ရုံသဖွယ် တည်ဆောက်ရပါသည်။ ရှေးဦးစွာ ပင်လယ်ရေကို ဆားကွင်းပေါ်သို့ တင်နိုင်ရန် ရေတင်စက်ရုံ လိုအပ်ပါသည်။
    ၁၁။    ပင်မရေတင်စက်ရုံကြီး ကို မြစ်ကမ်းဘေး၊ ချောင်းကမ်းဘေးတွင် တည်ဆောက်ရပါ သည်။ အင်ဂျင် မြင်းကောင်ရေ (၁၆) ကောင်မှ (၃၀)၊ ဇယ်တာအင်ဂျင်များအထိ သုံးကြရပါသည်။ အင်ဂျင်ပါဝါကို ကောင်တာရှပ် (counter shaft) ခံ၍ လိုအပ်သော အပတ်ရေတွက်ချက်ပြီး၊ ဂျပ်ပုံးဟု ဒေသအခေါ်အဝေါ်အရ ခေါ်ဆိုသော ရေတင်သည့်ကိရိယာများ၊ သစ်သားဂျပ်ပုံးစက်ကြီးများနှင့် ဆားထုတ်လုပ်ရေးကွင်းပေါ်သို့ တစ်နေ့လျှင် (၁၀) နာရီခန့် မောင်းနှင်၍ ရေတင်ရပါသည်။ ပင်လယ် ဒီရေသည် တစ်နေ့လျှင် (၂) ကြိမ် အတက်၊ အကျရှိ၍ ဒီရေ (၁) ကြိမ်တက်လျှင် (၅) နာရီခန့် မောင်းတင်ရပါသည်။
    ၁၂။    အဆင့်(၁)     ပင်လယ်ရေကို ခူအိုင်(ခ)ရေလှောင်ကန်ကြီးများဖြင့် သိုလှောင်ထားရ ပါသည်။ ပင်မ ရေတင်စက်ရုံမှ တင်လိုက်သော ပင်လယ်ရေများကို ရေလှောင်ကန်များထဲတွင် ညသိပ် ထားရပါသည်။ ပင်လယ်ရေတွင် ပါဝင်သော အနယ်၊ အနှစ်များ ကျစေခြင်း ဖြစ်ပါသည်။
    ၁၃။    အဆင့်(၂)    ရေကြမ်းအဆင့်ဟုခေါ်ပါသည်။ ထိုအဆင့်တွင် ဆားလယ်ကန့်များကို (၃) ဆင့် သို့မဟုတ် (၄) ဆင့်ခန့်ထား၍ ရေလှောင်ကန်ကြီးမှ ပင်လယ်ရေကို လယ်ဆင့် (၁) ဆင့်တွင် (၁) ည စီထား၍ နေ့ဘက်တွင် နေလှန်း၊ ညသိပ်ပြီး နောက်နေ့မှ နောက်တစ်ဆင့်ပြောင်းပေး၍၊ နောက်ဆုံးလယ်ကန့်အဆင့်တွင် ရေမြောင်းထဲသို့ ပင်လယ်ရေများကို ဖောက်ချကာ ဒုတိယရေလှောင် ကန်များထဲသို့ လက်ခံယူပါသည်။
    ၁၄။    အဆင့်(၃)    ရေလတ်အဆင့်ဟုခေါ်ပါသည်။ ထိုအဆင့်တွင် အဆင့်(၂)ရေကြမ်းမှ ဖောက်ချလိုက် သော ပင်လယ်ရေများကို လက်ခံထားသည့်ရေလှောင်ကန်မှ ဒုတိယ ရေတင်စက်ရုံဖြင့် ပင်လယ်ရေ များကို ရေလတ်အဆင့် လက်ခံရန် ပြုပြင်ထားသော လယ်ကွင်းပေါ်သို့ တင်ရပါသည်။ ရေလတ် အဆင့်တွင်လည်း လယ်စဉ်(၄)စဉ် ခန့်ထားပြီး၊ (၁)စဉ်စီတွင် တစ်ညသိပ်၊ တစ်နေလှန်း၍ နောက်ဆုံး လယ်စဉ်မှ ပင်လယ်ရေများကို ရေမြောင်းများမှ တစ်ဆင့် တတိယရေလှောင်ကန်သို့ ပို့ပါသည်။
    ၁၅။    အဆင့် ( ၄ )    ရေချောအဆင့်ဟု ခေါ်ပါသည်။ ထိုအဆင့်တွင်လည်း တတိယ ရေလှောင်ကန်မှ ရေများ ကို တတိယရေတင်စက်ရုံမှ တင်ပေးပြီး၊ ရေချောဆားလယ်ကွင်းတွင်လည်း လယ်စဉ် (၃) စဉ် ခန့် ထားပြီး၊ ညသိပ်၊ နေလှန်းစနစ်ဖြင့် နောက်ဆုံးလယ်စဉ်မှ ရေများကို ဆားရေ ကန်ကြီး နောက်ဆုံး သိုလှောင်ကန်သို့ ဖောက်ချရပါသည်။
    ၁၆။    အဆိုပါ ဆားရေကန်ကြီးများသည် အကျယ်အဝန်း၊ အနက် ကြီးနိုင်သမျှ ကြီးစွာထားရ ပါသည်။
    ၁၇။    အဆင့်(၅)    ပြည့်ဝပျော်ရည် မွေးမြူသည့်အဆင့် ဖြစ်ပါသည်။ ထိုအဆင့်တွင် ဆား ရေကန်ကြီးမှ ရေများကို စတုတ္ထ ရေတင်စက်ရုံမှတင်၍ လယ်စဉ် (၂) စဉ် သို့မဟုတ် (၃) စဉ် ထားရှိ ပြီး၊ ညသိပ်၊ နေလှန်းစနစ်သုံး၍ ပြည့်ဝပျော်ရည်ကို ထုတ်လုပ်ပါသည်။
    ၁၈။    အဆိုပါ ပြည့်ဝပျော်ရည်များကို သိုလှောင်ကန်သို့ ပို့ဆောင်ပြီး သိုလှောင်ပါသည်။ အဆိုပါသိုလှောင်ကန်မှ ပြည့်ဝပျော်ရည်များကို ရေတင်စက်(နောက်ဆုံးစက်ရုံ) မှတဆင့် ပုံဆောင်ခဲ ထုတ်လုပ်ရန် ပြင်ဆင်ထားသော ဆားလယ်ကျုံးခွက်များအတွင်းသို့ စက်ဖြင့်မောင်း၍ သွင်းရပါ သည်။ ထိုသို့ မောင်းသွင်းပြီး လိုအပ်သောရေထုထည်ရပါက ဆားလယ်ခွက်များကို ပိတ်ဆို့ကာ ထိုဆားလယ်ခွက်တွင်မှာပင် (၁၀) ရက် မှ (၁၂) ရက်ခန့် နေလှန်း၍ ဆားပုံဆောင်ခဲများကို လယ်ခွက်သားအပြည့် ထုတ်လုပ်ပါသည်။
ဥပမာ။    ။    ပုံဆောင်ခဲထုတ်လုပ်သော ဆားလယ်ခွက်(၁၂၀) ခွက်ရှိသည်ဆိုပါက တစ်နေ့လျှင် (၁၀) ခွက် ပြည့်ဝပျော်ရည်ထည့်၍ (၁၂)ရက် ကြာလျှင် ပထမဦးဆုံး ထည့်ထားသော လယ်ခွက် (၁၀) ခွက်မှ ဆားများကို သိမ်းယူပြီး ပြည့်ဝပျော်ရည် ပြန်ထည့်ပါသည်။ ထိုသို့ နေ့စဉ် လယ်ခွက်(၁၀)ခွက် ဆားထုတ်သွားရာ (Rotate) အလှည့်ကျ ထုတ်လုပ် စနစ်ဖြင့် မိုးကျသည်အထိ ထုတ်လုပ်ရပါသည်။
        ထွက်ရှိလာသော ဆားများကို စက်အားဖြင့် အသုံးပြုပြီး ဆားထုတ်ပန့်များဖြင့် ပြည့်  ဝပျော်ရည်ကို အသုံးပြုပြီး ဆေးကြောခြင်း၊ လူအားဖြင့် ပြည့်ဝပျော်ရည် အတွင်းဆား ဆေးတောင်းများဖြင့် ဆေးကြောခြင်းများပြုလုပ်ပြီး သိုလှောင်ရုံအတွင်းသို့ ထည့်သွင်း ရပါသည်။
ပင်လယ်ရေစ၍ တင်သည်မှ ဆားဖြစ်သည်အထိ Time Duration
လယ်စဉ် (၄) စဉ်ဖြင့် တည်ဆောက်ပုံစံဆိုလျှင်-
အဆင့်    1    2    3    4    5
    ၄    +    ၄     +    ၃    +    ၃    +    ၁၂ / ၁၀ = ၂၄ ရက် မှ ၂၆ ရက်
လယ်စဉ် (၃) စဉ်ဖြင့် တည်ဆောက်ပုံစံဆိုလျှင်-
အဆင့်    1    2    3    4    5
    ၃    +    ၃     +    ၃    +    ၂    +    ၁၀ / ၁၂ = ၂၁ ရက် မှ ၂၃ ရက်
ဆားထုတ်လုပ်မှု အစ မှ အဆုံး (Time Line)
Oct 15 မှ Dec 15 ထိ မြေသားပြုပြင်ခြင်း၊ မြေသားညှိခြင်း
Dec 15 မှ Feb 5 ထိ ပင်လယ်ရေကို ပြုပြင်ခြင်း၊ ပြည့်ဝပျော်ရည်အဆင့်သို့
Oct 5  မှ April / May  ဆန်းအထိ (မိုးမကျခင်အထိ) ဆားထုတ်လုပ်ကာလ၊ ထွက်ရှိကာလ
လုပ်ငန်းသုံးလူ့အရင်းအမြစ်အင်အား ( လုပ်သား  ကျား+မ )
ဧက (၁၅) မှ ဧက (၅၀) အထိ (၇-ဦးမှ ၁၆- ဦး ကျား ) (၃-ဦး မှ ၇-ဦး   မ    )
ဧက (၅၀) မှ ဧက (၁၀၀) အထိ (၁၆-ဦးမှ ၃၀- ဦး ကျား ) (၇-ဦး မှ ၁၂-ဦး   မ    )
ဧက (၁၀၀) မှ ဧက (၁၀၀) အထက် (၃၀-ဦးမှ ၁၀၀- ဦး ကျား ) (၁၂-ဦး မှ ၂၅-ဦး   မ    )
ဆားထွက်ရှိသည့် နှုန်းထား
၁၉။    ဆားကွင်းမြေသားပြုပြင်တည်ဆောက်ထားသည့် အဆင့်အတန်းပေါ်မူတည်၍ (၁) ဧက လျှင် ဆားပိဿာချိန် (၈,၀၀၀) ပိဿာမှ (၁၅,၀၀၀) ပိဿာအထိ ထွက်ရှိပါသည်။ သတ္ထုတွင်း ဝန်ကြီး ဌာနမှ လိုင်စင်ဆားထုတ်လုပ်မှု သတ်မှတ်လျာထားချက်သည်-
    (၁) ဧကလျှင် ဆားပိဿာချိန် (၆,၀၀၀) ပိဿာနှုန်း ဖြစ်ပါသည်။
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆားတောင်သူများ ကြုံတွေ့ရသည့် အခက်အခဲနှင့် လိုအပ် ချက်များ
၂၀။    ဆားတောင်သူများအနေဖြင့် ဆားကွင်းများအား စနစ်ကျစေရန် ပြုပြင်ဆောင်ရွက်ရာတွင် မျက်နှာပြင်အနိမ့်အမြင့်များကို လိုအပ်သလို မြေသားရွေ့ပြောင်းခြင်း၊ မျက်နှာပြင်ညှိခြင်း၊ တာဘောင် များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရသည့်အတွက် ကုန်ကျစရိတ်ကျခံနိုင်သည့် တောင်သူများသာ ပြုပြင်ဆောင်ရွက်နိုင်သည့် အခြေအနေတွင်ရှိပါသည်။
၂၁။    ဆားအရည်အသွေးမြင့်မားစေရန် Calcium Sulphate ဖယ်ထုတ်ခြင်းသည် ဆားလှန်းကန် များ၏ ကြားအဆင့်တွင်ရှိပြီး 18~20 Baume အမှတ်တွင် အနည်ကျစနစ် ဆောင်ရွက်ရန်လွယ်ကူ သော်လည်း Magnesium အနည်ကျမှတ်ဖြစ်သည့် 28~32 Baume အမှတ်တွင် ဆားပြည့်ဝ ပျော်ရည်လက်ကျန်ကို ဆားတောင်သူများအနေဖြင့် ဆားထွက်ရှိမှုကျဆင်းနိုင်သဖြင့် စွန့်ပစ်လိုခြင်း မရှိကြောင်း တွေ့ရှိရပါသည်။
၂၂။    ဆားကြမ်းစျေးကွက်အတွင်းတွင်လည်း ဆားကြမ်းအရည်အသွေးအလိုက်သီးသန့်စျေးကွက် မရှိဘဲ ဆားကြမ်းဖြူခြင်း၊ မဲညစ်ခြင်းအပေါ်လောက်တွင်သာ စျေးနှုန်းအနည်းငယ်ကွာဟချက် ရှိသည့်အတွက် အရည်အသွေးပြည့်ဝသည့် Calcium ၊ Magnesium ပါဝင်မှုနည်းသော ဆားကြမ်း များကို သီးသန့်စျေးပေးဝယ်ယူသည့် စျေးကွက်ပေါ်ပေါက်လာရန် လိုအပ်ပါသည်။ ပင်လယ်ရေ၊ ဆားကြမ်း၊ ဆားချောများ၏အရည်အသွေးကို စမ်းသပ်အဖြေထုတ်ပေးနိုင်သော ဓာတ်ခွဲခန်းနှင့် ဓာတ်ခွဲနည်းပညာများ ပြည့်ပြည့်စုံစုံရှိရန် လိုအပ်လျက်ရှိပါသည်။
၂၃။    ဆားကြမ်းတောင်သူများ၏ ဆားကွင်းများအဆင့်မြှင့်တင်နိုင်ရေး၊ စက်အား၊ လူ့စွမ်းအား များ ပြည့်ဝစွာအသုံးပြုနိုင်ရေးအတွက် နည်းပညာပိုင်းအပြင် ငွေကြေးအရင်းအနှီးအားဖြင့်လည်း ပံ့ပိုးရန်လိုအပ်သည့်အပြင် ခိုင်မာသည့်ဆားကြမ်းစျေးကွက် ဖြစ်ပေါ်လာရန်လည်း လိုအပ်လျက်ရှိ ပါသည်။

နိဂုံး
၂၄။    သို့ဖြစ်ပါ၍ ဆားလုပ်ငန်းရှင်များအနေဖြင့် လာမည့်အနာဂတ်ကာလတွင် ဆားလုပ်ငန်းနှင့် စျေးကွက်ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စျေးကွက်ကဏ္ဍအပိုင်းများမှ ကူညီပံ့ပိုးပေးခြင်း၊ လုပ်ငန်းရှင်များမှလည်း အချင်းချင်းစည်းလုံး ညီညွတ်မှု၊ ပူးပေါင်းကူညီဆောင်ရွက်မှု၊ ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှုများဖြင့် ပြုလုပ်ကြရမည် ဖြစ်ပါသည်။
     

Incubation Center

အမှတ်(၅)၊ သလ္လာဝတီလမ်း၊ (၇) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-(၀၁)၆၆၀၀၄၁၊ ၆၅၅၇၀၆၊ ၆၆၅၈၁၀

Photo Gallery

နေပြည်တော်ရုံး

  • iconစက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၊ ရာဇဌာနီလမ်း၊ နေပြည်တော်
  • iconThis email address is being protected from spambots. You need JavaScript enabled to view it.
    This email address is being protected from spambots. You need JavaScript enabled to view it.
  • icon၀၆၇-၄၀၈၁၂၈၊ ၀၆၇-၄၀၈၃၉၄ ၊ ၀၆၇-၄၀၈၃၉၅
  • iconMonday - Friday: 9 : 30AM - 16PM
    Saturday - Sunday: Closed

ရန်ကုန်ရုံး

  • icon၃၅ ဘီ/၁၅၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
  • iconThis email address is being protected from spambots. You need JavaScript enabled to view it.
    This email address is being protected from spambots. You need JavaScript enabled to view it.
  • icon၀၁- ၅၅၉၂၃၉၊ ၈၆၀၃၈၂၆၊ ၈၆၀၃၈၂၇၊ ၅၄၆၀၅၁(ဖက်စ်)
  • iconMonday - Friday: 9 : 30AM - 16PM
    Saturday - Sunday: Closed